အနွေးဓါတ်ကိုခံစားကာ ကျန်းမာသည့် နေပြည်တော်ရှိ ရေပူစမ်းသို့ သွားရောက်အပန်းဖြေနိုင်

27_NPW-hot-water-springပေါက်ကွဲလျက်ရှိသော မြို့ပြလူဦးရေနှင့် သိပ်သည်းလှသည့် ယာဉ်၊ ရထား၊ စက်ရုံများ၊ ရှုပ်ထွေးမွန်းကျပ်သော ပတ်ဝန်းကျင်မှ ကင်းလွတ်၍ သဘာဝတောတောင် စိမ့်စမ်းရေနှင့် သန့်ရှင်းသောလေတို့ကို ခံစားအပန်းဖြေစရာ စခန်းသာတစ်ခု နေပြည်တော်နှင့် မဝေးလှသည့် နေရာတွင် တည်ရှိသည်။

နေပြည်တော် ရေပူစမ်းအပန်းဖြေစခန်းသည် နေပြည်တော် တပ်ကုန်းမြို့နယ် ကင်းသာလမ်းခွဲမှ ၂၄ မိုင် ၇ ဖာလုံအကွာတွင် တည်ရှိသည်။ ကင်းသာလမ်းခွဲမှစ၍ ပင်လောင်းဘက်သို့ တောင်ပေါ်လမ်းကို ပြေတစ်ခါပတ်တစ်ချီ ရစ်တစ်လှည့်အကွေ့အကောက် အတက်အဆင်း စုံလင်စွဖြင့် တောင်ပေါ်ခရီးသွားခြင်း အရသာခံစား၍ ရေပူစမ်းအပန်းဖြေစခန်းလမ်းခွဲမှ ရေပူစမ်းရှိရာသို့ ၁ မိုင် ၆ ဖာလုံ ၀င်ရောက်ပြီးနောက် ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်လောင်းမြို့နယ် သပြေကုန်းကျေးရွာအုပ်စု တောင်ကျကျေးရွာအနီးရှိ နေပြည်တော် ရေပူစမ်းအပန်းဖြေစခန်းသို့ ရောက်ရှိမည်ဖြစ်သည်။

တောင်ပတ်လည်ဝန်းရံလျက်ရှိပြီး အနည်းငယ်ကျဉ်းမြောင်းသော်လည်း သဘာဝပတ်ဝန်းကျင်အနေအထားကြောင့် သက်သောင့်သက်သာရှိသော ခံစားမှုကို ပေးစွမ်းနိုင်သည့် ရေပူစမ်းအပန်းဖြေစခန်းတွင် ပြင်ပရေကူးကန်များ၊ သီးသန့်ရေချိုးခန်း၊ ညအိပ်တည်းခိုနိုင်သော ဘန်ဂလိုနှင့် စားသောက်ဆိုင်များ ဖွဲ့စည်းပါရှိသည်။ ထို့အတူ တော်ဝက်၊ ချေ၊ တောင်ဆိတ် ကဲ့သို့သော ရံဖန်ရံခါမှ ရရှိတတ်သည့် တောကောင်သား ဟင်းလျာများကိုလည်း အပြန်းဖြေခရီးလာရင်း စားသောက်ဆိုင်များတွင်ပင် မှာယူစားသုံးနိုင်သည်။

တောတောင်များအကြားတွင် တည်ရှိသော ရေပူစမ်းအပန်းဖြေစခန်းကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလတွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း စခန်းတာဝန်ခံ ဦးသာကျော်၏ပြောကြားချက်အရ သိရသည်။

Hot Spring ခေါ်ရေပူစမ်းဟူသည် ယင်းတို့၏ ဘူမိဗေဒဖြစ်စဉ် သဘာဝအရ ပြာလဲ့သော အရောင်ရှိခြင်း၊ ဟိုက်ဒိရိုဂျင် ဆာလဖိုက်အနံ့ရှိသလို ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်ဆာလ်ဖိတ် အစရှိသော ဓာတ်များ ပျော်ဝင်နေခြင်းကြောင့် ယင်းရေကို စိတ်သူများအဖို့ အကြောအခြင် ကိုက်ခဲနာကျင်ခြင်းများ၊ အရေပြားယားယံခြင်းများအတွက် ကောင်းမွန်သည်ဟု ဆိုကြသည်။

ဆောင်းရာသီ၏ အအေးလှိုင်းများကြားမှ နွေးထွေး၍ စိတ်ပေါ့ပါးလွတ်လပ်သည့် အရသာကို ခံစားနိုင်ရန် နေပြည်တော် ရေပူစမ်း အပန်းဖြေစခန်းသို့ အလွတ်တကူ သွားရောနိုင်ပြီဖြစ်သည်။

ကြေးမုံ၊ ၂၇ ဒီဇင်ဘာ

Leave a Reply

Your email address will not be published. Required fields are marked *