ငွေချေးသက်သေခံ လက်မှတ်များ တာဝန်ခံရောင်းချပေးမည့် ရုံးချုပ် ရန်ကုန်မြို့ ခြောက်ထပ်ရုံးတွင်ဖွင့်လှစ်

မြန်မာစတော့ရှယ်ယာဈေးကွက် သမိုင်းတွင် ငွေချေးသက်သေခံလက်မှတ်များကို တာဝန်ခံရောင်းချပေးမည့် KBZ Stirling Coleman Securities Co., Ltd (KBZ-SC Securities) ရုံးချုပ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရုံးချုပ်တည်ရှိရာ ရန်ကုန်မြို့ ကမ်းနားလမ်းရှိ Strand Square (ယခင် နိုင်ငံတော်၏ ခြောက်ထပ်ရုံး) အဆောက်အအုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။31_kbzsc

အခမ်းအနားတွင် အကြီးတန်း အုပ်ချုပ်မှုဒါရိုက်တာ ဦးညိုမြင့်က “ကမ္ဘောဇကုမ္ပဏီများအုပ်စုအနေဖြင့် နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုမှာ အဓိကအရေးပါတဲ့ ငွေကြေးအရင်းအနှီးဈေးကွက် လုပ်ငန်းဖြစ်တဲ့ ရန်ကုန်စတော့အိတ်ချိန်းရဲ့ ငွေချေးသက်သေခံလက်မှတ် ရောင်းဝယ်ရေးတွေ ဆောင်ရွက်နိုင်ရန် အလေးထား ပြင်ဆင်ဆောင်ရွက်ခဲ့ရာ ယခုအခါ မြန်မာစတော့ရှယ်ယာ ဈေးကွက်သမိုင်းမှာ ငွေချေးသက်သေခံ လက်မှတ်တွေကို တာဝန်ခံရောင်းချပေးမယ့် ပထမဆုံးနဲ့ တစ်ခုတည်းသော Underwriter ကုမ္ပဏီအဖြစ် တရားဝင်လိုင်ဟင် ရရှိခဲ့ပါတယ်။ အရင်းအနှီး တိုးမြှင့်လိုတဲ့ စီးပွားရေးလုပ်ငန်း ကုမ္ပဏီတွေကို သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းတွေနဲ့အညီ Listing ကုမ္ပဏီဖြစ်ရေးအထိ အစစအရာရာ တာဝန်ယူဆောင်ရွက်ပေးပြီး ယင်းတို့ရဲ့ ရှယ်ယာတွေကို ပြည်သူတွေကို တာဝန်ခံရောင်းချပေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အကြံပေးလုပ်ငန်းတွေ၊ Broker လုပ်ငန်း၊ Dealer လုပ်ငန်းတွေနဲ့ နောင်မှာ ကုမ္ပဏီတွေပေါင်းစပ်ခြင်းနဲ့ အစုရှယ်ယာဝယ်ယူခြင်း (Merger & Acquisition – M&A) စတာတွေကို အဆင့်ဆင့်လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်” ဟု ရှင်းလင်း ပြောကြားသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဘဏ္ဍာရေးဝန်ကြီး ဒေါ်စန်းစန်းနွယ်၊ ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေး ကော်မရှင် (SECM) အဖွဲ့ဝင်များ၊ ကမ္ဘောဇကုမ္ပဏီများ အုပ်စု ဥက္ကဌ ဦးအောင်ကိုဝင်း၊ KBZ SC Securities မှ အကြီးတန်းအုပ်ချုပ်မှု ဒါရိုက်တာ ဦးညိုမြင့်၊ အုပ်ချုပ်မှု ဒါရိုက်တာ Mr. Rudolf Rolles နှင့် စီးပွားရေးလုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။ ရုံးချုပ်ဖွင့်ပွဲကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဘဏ္ဍရေးဝန်ကြီး၊ အကြီးတန်း အုပ်ချုပ်မှု ဒါရိုက်တာနှင့် အုပ်ချုပ်မှုဒါရိုက်တာတို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့သည်။

ယနေ့ဖွင့်လှစ်သည့် KBZ SC Securities ၏ ရုံးချုပ်သည် ဆူးလေဘုရားလမ်းနှင့် ကမ်းနားလမ်းဆုံအနီး ရန်ကုန်မြို့၏ ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများ၏ ဗဟိုချက်မနေရာတွင် တည်ရှိသော နိုင်ငံ့သမိုင်းဝင် ခြောက်ထပ်ရုံးကို ကမ္ဘာအဆင့်မီရုံးခန်းများအဖြစ် ပြောင်းလဲပြင်ဆင်ထားသည့် Strand Square အဆောက်အအုံကြီးတွင် ဖွင့်လှစ်ထားပြီး ရန်ကုန်စတော့အိတ်ချိန်းနှင့် အနီးဆုံးနေရာတွင် တည်ရှိသည်။ အဆိုပါ အဆောက်အအုံတွင် နိုင်ငံတကာဘဏ်များနှင့် အာမခံကုမ္ပဏီများ၊ ငွေကြေးနှင့် သက်ဆိုင်သော နိုင်ငံတကာမှ ၀န်ဆောင်မှုကုမ္ပဏီများပါ ဖွင့်လှစ်ထားကြောင်း သိရှိရသည်။

ကြေးမုံ၊ ၃၁ ဒီဇင်ဘာလ

Leave a Reply

Your email address will not be published. Required fields are marked *