စိတ်ရှည်အောင် ဘယ်လိုလုပ်ကြမလဲ။

Impatientပြဿနာလေးတစ်ခုကို စပြီးစဉ်းစားကြည့်ရအောင်။ မကြာခင်လုပ်မယ့် အစည်းအဝေး တစ်ခုအတွက် လိုအပ်တဲ့ အစီရင်ခံစာ တစ်ခုကို အဆုံးသတ်ဖို့ တစ်စုံတစ်ယောက်ကို သင်စောင့်နေရတယ် ဆိုပါစို့။ အရေးကြီး အကြောင်း တစ်ခုပေါ်လာလို့ သင် ၁၅ မိနစ်လောက် နောက်ကျနေပါပြီ။ အဲဒီအချိန်မှာ သင့်ရဲ့ ခန္ဓာကိုယ်က တင်းကျပ်သလို ဖြစ်လာတယ်။ ချွေးတွေလည်းထွက်လာသလို သင့်ရှေ့မှာ နှေးနှေးကွေးကွေး လုပ်နေတဲ့ အဲဒီဝန်ထမ်းတွေကိုလည်း အော်နေမိပါတယ်။ အဲဒီဝန်ထမ်း နာကျင်သွားမယ် ဆိုတာ သင်သိနေပေမယ့် ဘာမှ လုပ်လို့မရပါဘူး။ သူ့ကြောင့်သင် နောက်ကျနေပါပြီ။

ဒါမျိုး သင်ကြုံဖူးမှာပါ။ ကျွန်တော်တို့ တော်တော်များများ စိတ်မရှည်ဘဲ ဖြစ်ခဲ့ဖူးပါမှာ။ အဲလို စိတ်မရှည်တာတွေက ကိုယ်ကိုယ်တိုင်တင်မကဘဲ ဘေးမှာရှိတဲ့သူတွေကိုပါ စိတ်နာစေပါတယ်။ စိတ်မရှည်ခြင်းဟာ ကျွန်တော်တို့ရဲ့ စိတ်ဖိစီးမှုကို များစေတဲ့အပြင် ခန္ဓာကိုယ်ကိုပါ ထိခိုက်စေပါတယ်။ ပိုဆိုးတာကတော့ စိတ်မရှည်ခြင်းဟာ ရင်းနှီးမှုကိုပင် ပျက်ပြားစေပါတယ်။

ဘာကြောင့် စိတ်ရှည်ဖို့လိုတာလဲ။

တော်တော်များများက စိတ်မရှည်တဲ့သူတွေကို ဆုံးဖြတ်ချက် မချနိုင်တဲ့သူတွေ၊ အနှောက်အယှက်ပေးတဲ့ သူတွေလို့ မြင်ကြပါတယ်။ တချို့ဆိုရင် စိတ်မရှည်တဲ့သူတွေနဲ့ မျက်နှာချင်းတောင်မဆိုင်ဘဲ ရှောင်သွား တတ်ကြပါတယ်။ အဲလိုမျိုး ကိုယ်ရည်ကိုယ်သွေးရှိတဲ့သူတွေဟာ ရာထူးတိုးဖို့ နဲ့ ခေါင်းဆောင်နေရာရဖို့ အလွန်ခက်ခဲပါတယ်။ မိသားစုချင်းမှာတောင် စိတ်မရှည်လို့ သွေးကွဲနိုင်ပါတယ်။

သင်တခြားသူတွေအပေါ် စိတ်ရှည်သည်းခံလေ သင့်ကို လုပ်ဖော်ကိုင်ဖက်များနဲ့ သင့်ရဲ့ မန်နေဂျာက ပိုပြီးအကောင်းမြင်လာလေ ဖြစ်မှာပါ။ သင့်မိသားစုနဲ့ သူငယ်ချင်းတွေဆို ပြောဖို့တောင် မလိုတော့ပါဘူး။

စိတ်မရှည်တဲ့ လက္ခဏာတွေ

အောက်ပါအချက်တွေထဲက တစ်ခုခုခံစားနေရပြီဆိုရင် သင် စိတ်မရှည်တော့ဘူးဆိုတာ သိရတော့မှာပါ။ အဲဒါတွေက

  • အသက်ရှူမြန်မယ်
  • ကြွက်သားတွေတင်းလာမယ်
  • လက်သီးစုတ်ထားမိမယ်
  • ခြေထောက်က ဂဃာမငြိမ်ဖြစ်လာမယ်
  • စိတ်တိုစိတ်ဆိုးလာမယ်
  • ခြေမကိုင်မိ လက်မကိုင်မိဖြစ်လာမယ်
  • စိတ်လောလာမယ်
  • ဆုံဖြတ်ချက်ကို မြန်မြန်ချလာမယ်
ဘာကြောင့်ဖြစ်ရတာလဲ။

သင်စိတ်မရှည်ဘူးလို့ခံစားလာရရင်တော့ ဒုတိယအဆင့်အနေနဲ့ ဘာကြောင့်ဆိုတာကို ရှာဖွေရတော့မှာပါ။ စိတ်မရှည်တာကို ဖြစ်စေတဲ့အကြောင်းတွေရှိပါတယ်။ အဲဒါတွေက လူတွေ၊ စကားလုံးတွေ၊ ပတ်ဝန်းကျင်အခြေအနေ (ဥပမာ ကားလမ်းတွေပိတ်နေတာ) စတာတွေပဲဖြစ်ပါတယ်။

သင့်ကို စိတ်မရှည်စေတဲ့အကြောင်းတွေကို အစဉ်အလိုက် ရေးမှတ်ထားလိုက်ပါ။ တကယ်လို့ ဘာကြောင့် စိတ်မရှည်လဲဆိုတာ စဉ်းစားလို့မရရင် အောက်ပါနည်းလမ်းများကို သုံးကြည့်ပါ။

သင်နောက်ဆုံ စိတ်မရှည်ဖြစ်ခဲ့တဲ့ အကြောင်းကို ပြန်စဉ်းစားလိုက်ပါ။ ဘာက ဖြစ်စေခဲ့တာလဲ။ အဲဒီမှာ ဘာကြောင့်ဖြစ်ရတာလဲဆိုတာ ကိုယ့်ကိုပြန်မေးပါ။ ပြီးတော့ စဉ်းစားပြီးဖြေကြည့်ပါ။ ဖြစ်စေတဲ့အကြောင်းကို သိလာပြီဆိုရင် နောက်ထပ် ဘာကြောင့်အဲလိုဖြစ်စေတဲ့အကြောင်းဖြစ်ရတာလဲဆိုတာ ပြန်မေးပြီးဖြေကြည့်ပါ။ အဲလိုမျိုး ဘာကြောင့် ငါးခါမြောက်ရောက်တဲ့အထိ ဖြေကြည့်ပါ။

နောက်တခုကတော့ သင့်မိသားစု၊ မိတ်ဆွေသူငယ်ချင်းများနဲ့ လုပ်ဖော်ကိုင်ဖက်တွေကို မေးကြည့်ပါ။ သူတို့လည်း သင်အကြောင်း သိနေတတ်ပါတယ်။

စိတ်မရှည်ခြင်းက တချို့သော ခန္ဓာဗေဒအကြောင်းတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဥပမာ၊ ဗိုက်ဆာတာ၊ ရေငတ်တာ၊ ပင်ပန်းလွန်းတာ။ ဒါကြောင့် သင် စိတ်မရှည်ဖြစ်လာပြီဆိုရင် သင့်ရဲ့ ခန္ဓာကိုယ် ကို ပြန်ပြီး သရုပ်ခွဲကြည့်ပါ။ အဲဒီအခြေအနေမျိုးဆို ရေတခွက် ဒါမှမဟုတ် အဆာပြေလေးတစ်ခုနဲ့တင် အဆင်ပြေသွားမှာပါ။

သင်ဘာကြောင့် စိတ်မရှည်ရသလဲဆိုတဲ့ အကြောင်းကို ရှာတွေ့ခြင်းက သင်ဘယ်လိုမျိုး စိတ်ရှည်အောင်လုပ်မလဲဆိုတဲ့ နည်းလမ်းတွေ စဉ်းစားဖို့ အထောက်အကူပြုမှာပါ။ ဒါပေမဲ့ စိတ်မရှည်နိုင်စရာ အကြောင်းတရားတွေကို ရှောင်လွဲရတာခက်ပါတယ်။ အဲဒီအခါမျိုးမှာ စိတ်မရှည်ခြင်းကို ဘယ်လိုစီမံခန့်ခွဲမလဲဆိုတာ လေ့လာဖို့ လိုအပ်လာပါပြီ။

ကဲ.. စိတ်မရှည်ဘူးလို့ ခံစားလာရရင် ဘယ်လိုလုပ်မလဲ။

ပထမဆုံးကတော သင့်စိတ်ကို ချက်ချင်းပြောင်းလဲလိုက်ဖို့ပါပဲ။ အောက်ပါနည်းလမ်းလေးတွေကို သုံးကြည့်ပါ။

အသက်ကို ဖြေးဖြေးနဲ့ သေချာရှိုက်ရှူသွင်းပြီး ၁၀ ကြိမ်ရှူပါ။ အဲလို အသက်ရှူရင် သင် နှလုံးခုန်နှုန်း နှေးသွားမယ်။ ခန္ဓာကိုယ်လည်း သက်တောင့်သက်သာဖြစ်လာမယ်။ လက်ရှိအခြေအနေကနေပြီး ဝေးသွားသလိုခံစားရမယ်။ သင်တကယ်ကြီးကို စိတ်မရှည်ဘူးလို့ ခံစားရရင်တော့ ဆယ်ကြိမ်ထက်ပိုပြီး အသက်ရှူပါ။

စိတ်မရှည်ခြင်းက သင့်ကြွက်သားတွေကို တောင့်တင်းနေစေပါတယ်။ ဒါကြောင့် သင့်ခန္ဓာကိုယ်ကို သက်တောင့်သက်သာအနေအထားမျိုး ရောက်အောင် နေပါ။ ပြီးနောက် အသက်ကို ပုံမှန်ရှူပါ။ ကြွက်သားတွေကို ဖြေလျှော့ထားလိုက်ပါ။

သင့်ရဲ့ စိတ်ခံစားမှုကို သိနေပါစေ။ မှတ်ထားရမှာက သင်ဟာ ဘယ်လိုအခြေအနေကို ဘယ်လိုပုံစံမျိုးနဲ့ ပြန်ပြီးတုန့်ပြန်မလဲဆိုတာ ရွေးချယ်ခွင့် ရှိနေပါတယ်။ သင် စိတ်ရှည်မယ်လို့ ရွေးလို့ရသလိုပဲ စိတ်မရှည်ဘူးလို့လဲ ရွေးလို့ရပါတယ်။ သင့်အပေါ်မှာသာ မူတည်တာပါ။

သင့်ကိုယ်သင် အရှိန် လျှော့ချလိုက်ပါ။ ဖြေးဖြေးပြောပါ။ ဖြေးဖြေးလှုပ်ရှားပါ။ တခြားသူတွေရဲ့ အမြင်မှာ သင်ဟာတည်ငြိမ်နေတယ်လို့ အထင်ရောက်နေပါစေ။ စိတ်ရှည်နေတယ်လို့ ဟန်ဆောင်ခြင်းက သင့်ကိုတကယ် စိတ်ရှည်စေပါတယ်။

စိတ်မရှည်ခြင်းက အခြားသူတွေ အလုပ်လုပ်ရာမှာ အနှောက်အယှက်ပေးတယ်လို့ သင့်ကိုယ်သင်သတိပေးပါ။ ကျွမ်းကျင်မှုနဲ့ လုပ်ရတဲ့အလုပ်တွေ၊ ရှုပ်ထွေးတဲ့ အလုပ်တွေမှာ စိတ်မရှည်ခြင်းက သူတို့ရဲ့ စွမ်းဆောင်ရည်ကို အမှန်ပင်ထိခိုက်စေပါတယ်။ ဒါကြောင့် အခြားသူတွေကို စိတ်ဖိစီးမှု ပိုဖြစ်စေပြီးတော့ အလုပ်မတွင်ကျယ်တော့ပါဘူး။

စိတ်မရှည်ခြင်းဟာ သင့်ခံစားမှုတွေရဲ့ အစိတ်အပိုင်းတစ်ခုပဲဖြစ်တယ်လို့ ကိုယ့်ကိုကိုယ်ပြန်ပြောပါ။ စိတ်မရှည်ဘဲ တုန့်ပြန်တယ်ဆိုတာ မိုက်မဲ့တဲ့အပြုအမူလို့လဲ သတိပေးပါ။ လူတွေက သင်နောက်ကျမယ်လို့ ကြိုတင်သတိပေးထားသရွေ့တော့ အစည်းအဝေးပွဲနောက်ကျတာကို အပြစ်မြင်မှာမဟုတ်ပါဘူး။

တချို့သူတွေက အရမ်းကို ဟာကွက်မရှိအောင် လုပ်ချင်သူတွေမို့လို့ စိတ်မရှည်ဘူးဖြစ်တတ်ပါတယ်။ တကယ်တော့ ဟာကွက်မရှိလုပ်တာဟာ အလုပ်မတွင်စေပါဘူး။ ဒါ့အပြင် စိတ်ဖိစီးမှုကို ပိုများစေပါတယ်။

နောက်ဆုံးအနေနဲ့ပြောရရင်တော့ တချို့သော လူတွေက မွေးရာပါ စိတ်ရှည်သည်းခံနိုင်ကြပေမယ်လို့ တော်တော်များများကတော့ စိတ်ရှည်မှုရှိလာအောင် လေ့ကျင့်ဖို့လိုပါတယ်။ နေ့ချင်းညချင်း စိတ်ရှည်တတ်လာမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ပုံမှန်လေ့ကျင့်ပေးရင်တော့ အောင်မြင်လာမှာပါ။

 

Ref: www.mindtools.com

Leave a Reply

Your email address will not be published. Required fields are marked *