Introvert များအတွက် ပေါင်းသင်း ဆက်ဆံရေး နည်းလမ်းကောင်းများ

စာရေးသူဟာ Introvert တစ်ယောက်ပါ။ တစ်ဦးတည်းနေရတာကို သဘောကျသလို တစ်ယောက်တည်း လုပ်ရတဲ့ အလုပ်တွေ ဥပမာ စာရေးတာ၊ ဒီဇိုင်းဆွဲတာ၊ စာဖတ်တာ၊ သီချင်းနားထောင်တာ စတာတွေကို လွန်စွာသဘောကျပါတယ်။ သို့သော်လည်းပဲ အလုပ်သဘောအရ လူများစွာနဲ့ စကားပြောဆိုဆက်ဆံရတဲ့ အခါမှာ အတော်ကို ခက်ခဲခဲ့ပါတယ်။ ရှက်ရွံလို့မဟုတ်ပါဘူး။ Introvert တွေရဲ့ အမူအကျင့်ရကိုက တစ်ဦးတည်းနေရတာကို သဘောခွေ့တာဖြစ်ပါတယ်။ စာရေးသူလိုပဲ Introvert ဖြစ်တဲ့သူတွေဟာ လူသုံးယောက်မှာ တစ်ယောက် ရှိနေတတ်ပါတယ်။ Introvert တွေ extrovert တွေလို ပေါင်းသင်းဆက်ဆံရေးမှာ ပိုမိုပေါ်လွင်လာဖို့ လက်လှမ်းမှီသလောက် ရှာဖွေဖတ်ရှု့ရင်းနဲ့ လက်တွေအသုံးတည့်မယ့် နည်းလမ်းအချို့ကို ဖော်ပြပေးလိုက်ရပါတယ်။

Communication 1၁။ ကိုယ်နဲ့ သင့်တော်မယ့် အပေါင်းအသင်းအုပ်စုကို ရှာဖွေပေါင်းသင်းပါ။

ဒါက ပထမဆုံးနဲ့ အရေးကြီးဆုံးဖြစ်ပါတယ်။ Introvert ဖြစ်နေလို့ နဂိုကတည်းကမှ အပြင်သိပ်မသွားရတဲ့ ကြားထဲ ကိုယ်မနှစ်သက်တဲ့သူတွေနဲ့ နေနေရမယ်ဆို အိမ်တွင်းသာ အောင်းနေမိတော့မှာပါ။ ကိုယ်နဲ့ စိတ်တူကိုယ်တူ ရှိတဲ့ အပေါင်းအသင်းတွေရှိမှပဲ ကိုယ့်ရဲ့လူမှုရေးအဖွဲ့အစည်းကလေးဖြစ်လာပြီးတော့ အချိန်စပေးနိုင်တော့မှာပါ။ အဲလို စိတ်တူကိုယ်တူရှိတဲ့ သူငယ်ချင်းတွေရဖို့ လူမရွေးပါနဲ့၊ အသက်အရွယ်မရွေး၊ လူမျိုးမရွေး၊ ရှာဖွေပေါင်းသင်းလို့ရပါတယ်။

၂။ လူမှုပေါင်းသင်းဆက်ဆံရေး နည်းနာများကို လေ့လာဆည်းပူးထားပါ။

Introvert တစ်ဦးအနေနဲ့ လူမှုပေါင်းသင်းဆက်ဆံရေးမှာ ကိုယ့်ကိုယ်ကိုယုံကြည်မှုအားနည်းတာတွေ သက်သာစေဖို့အတွက် ပေါင်းသင်းဆက်ဆံရေး နည်းလမ်းတွေကို လေ့လာဆည်းပူးထားသင့်ပါတယ်။ ဆရာဖေမြင့်ရေးသားတဲ့ ပြောတတ်ဆိုတတ်ပေါင်းသင်းတတ်တဲ့သူ၊ ဟောနည်းပြောနည်း ကိုယ့်ဘက်ပါအောင် စည်းရုံးနည်း၊ ဦးနုရေးသားတဲ့ မိတ္တဗလဋီကာ စတဲ့စာအုပ်တွေလေ့လာတာ၊ အွန်လိုင်း ကနေတဆင့် လေ့လာတာတွေ လုပ်ထားသင့်ပါတယ်။

၃။ လက်တွေ့ဘ၀ လူမှုဆက်ဆံရေးအတွက် အချိန်ပိုပေးပါ။

ထူးခြားချက်တစ်ခုက Introvert တွေဟာ အွန်လိုင်းပေါ်ကနေတဆင့် မိတ်ဖွဲ့တာ ပြောဆိုတာတွေမှာ ပြဿနာ မရှိကြပါဘူး။ သို့ပေမဲ့ အွန်လိုင်းမှာ မိတ်ဖွဲ့တယ်ဆိုတာဟာ အသံမပါ၊ လှုပ်ရှားမှုတွေမပါဘဲ စာသားနဲ့ချည်းပြောဆိုတာဖြစ်လို့ မျက်နှာချင်းဆိုင် မိတ်ဆွေဖြစ်ရတာလောက် စိတ်ချင်း မနီးစပ်နိုင်ပါဘူး။ အဲဒီလိုဆိုလို့ အွန်လိုင်းနဲ့ ဝေးဝေးရှောင်ဖို့ ပြောတာမဟုတ်ဘဲ အပြင်ဘက် လူ့ဘ၀ကိုလည်း အချိန်ပေးဖို့ လိုတယ်လို့ ဆိုလိုတာပါ။ ဒါကြောင့် အွန်လိုင်းကနေ မိတ်ဆွေဖြစ်ပြီးသကာလ အပြင်မှာလည်း မိတ်ဆွေဖြစ်ဖို့အခွင့်အရေးကို အရယူပါ။

 

၎။ အသင်းအဖွဲ့ တစ်ခုခုနဲ့ ဆက်သွယ်ပြီး အသင်းဝင်ပါ။

ကိုယ်စိတ်ဝင်စားတဲ့ အသင်းအဖွဲ့ တစ်ခုခုနဲ့ ဆက်သွယ်ပြီး အသင်းဝင်ဖြစ်လာရင်တော့ ကိုယ်နဲ့ စိတ်တူသဘောတူရှိတဲ့ သူတွေအများကြီးနဲ့ တွေ့ဆုံရမှာပါ။ အသင်းရဲ့ လုပ်ငန်းတွေမှာ စေတနာ့ဝန်ထမ်းရင်း မိတ်ဆွေတွေ အများကြီးရလာပြီး သင့်ရဲ့ ပြက္ခဒိန်မှာ အားလပ်ရက်တောင်မှ အတော် နည်းသွားနိုင်ပါတယ်။ အသင်းတွေကတော့ များပါတယ်။ ပရဟိတ လူမှုရေးအသင်းတို့၊ စာဖတ်အသင်းတို့၊ စသဖြင့် အတော်များများရှိပါတယ်။ ကိုယ်စိတ်ဝင်စားမဲ့ အသင်းနဲ့ ဆက်သွယ်လိုက်ပါ။

၅။ ခိုင်မြဲတဲ့ ဆက်ဆံရေးကို တည်ဆောက်ပါ။

ဆက်ဆံရေးတစ်ခု ခိုင်မြဲဖို့ဆိုတာက ကိုယ်ကအရင် ရယူချင်နေရင်၊ ကိုယ်ကပဲ အမြဲနိုင်ချင်နေရင် အောင်မြင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ်က ပေးသူသာဖြစ်ပါစေ။

၆။ ကိုယ့်အတွက်လည်း သီးသန့်အချိန်ပေးဖို့ မမေ့ပါနဲ့။

အပေါင်းအသင်းတွေနဲ့လည်း မိတ်ဆွေတွေ ဖွဲ့ပြီးပြီ၊ အပြင်ထွက်ချိန်တွေလည်းများလာပြီဆိုရင်တော့ သင် ကိုယ့်အတွက်ကို သီးသန့်အချိန်လေးတွေ ပေးဖို့ လိုလာပါပြီ။ Introvert တွေဟာ သူတို့ရဲ့ အားအင်တွေကို ကိုယ့်ရဲ့တစ်ဦးတည်းနေချိန် (မိမိကိုယ်တွင်းကနေ) ရယူကြပါတယ်။ ဒါကြောင့် ကိုယ့်အတွက် သီးသန့် အချိန်လေးပေးခြင်းဟာ သင့်ကို စိတ်ရော ကိုယ်ပါ ငြိမ်းချမ်းမှု ရရှိစေနိုင်ပြီးတော့ မိတ်တွေတွေကိုလည်း ပိုတိုးပြီးရှာနိုင်ဖို့ အထောက်အကူဖြစ်စေမှာ ဖြစ်ပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *